ဆီးချိုရောဂါရှင်တွေ ဘာကြောင့် ဝိတ်ချသင့်တာလဲ
ဆီးချိုရောဂါရှိတယ်ဆိုရင် အများအားဖြင့် စားကောင်းသောက်ကောင်းတဲ့ ဝဝဖိုင့်ဖိုင့်တွေ ဖြစ်နေတတ်တာ သတိထားမိကြလား?
ဟုတ်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေရဲ့ ၆၀% ခန့်နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါရှိသူတွေရဲ့ ၈၅% ခန့်ဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများပြီး ဝသူ၊ အဝလွန်သူတွေ ဖြစ်တယ်လို့ သုတေသနတွေအရ သိရပါတယ်။
ဝတာ၊ အဝလွန်တာက အလှပျက်စေသလို ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရင်လည်း မကောင်းမှန်း လူတိုင်းနီးပါး သိပြီးသားပါ။ ဆီးချိုရောဂါရှိရင်ရော ဝတာက ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေသလဲဆိုတာကိုရော သိကြရဲ့လား။
ဝလာတဲ့အခါ ခါးတဝိုက်မှာ အဆီတွေစုလာသလို ကိုယ်တွင်းအင်္ဂါတွေ ဖြစ်တဲ့ အသည်းနဲ့ ပန်ကရိယမှာပါ အဆီတွေ စုလာပါတယ်။ အဲဒီလို အဆီတွေ စုလာတဲ့အခါ အင်ဆူလင်ခုခံမှု (အင်ဆူလင်ကို ခန္ဓာကိုယ်က ကောင်းစွာ မတုံ့ပြန်တော့တာ) ဖြစ်ပြီး ဆီးချိုကို မထိန်းနိုင်တာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဝိတ်ချတာက ခန္ဓာကိုယ်က ထုတ်လုပ်လိုက်တဲ့ သို့မဟုတ် နေ့စဥ်ထိုးနေရတဲ့ အင်ဆူလင်တွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ ကူညီပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မှာပါ။
အမျိုးအစား ၁ ဆီးချိုရောဂါရှင်တွေဟာ ခန္ဓာကိုယ်ကနေ အင်ဆူလင်မထုတ်လုပ်နိုင်တော့ပေမယ့် ဝိတ်ချလိုက်တဲ့အခါ အင်ဆူလင်ထိုးရတဲ့ ပမာဏ လျော့နည်းနိုင်သလို ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အဝလွန်နေတဲ့ အမျိုးအစား ၂ ဆီးချိုရောဂါရှင်တွေဟာ ကိုယ်အလေးချိန်ရဲ့ ၅% ချနိုင်ရင်တောင် ဆေးသောက်ဖို့ မလိုဘဲ အနေအထိုင် အစားအသောက်သီးသန့်နဲ့ ဆီးချိုရောဂါကို ထိန်းနိုင်တဲ့ Remission အဆင့်ကို ရောက်ရှိနိုင်ပါတယ်။ Remission အဆင့်ကို မရောက်နိုင်ရင်တောင် ဆေးပမာဏတွေကို လျှော့ချလို့ ရနိုင်တာမို့ ဝိတ်ချနေတဲ့ အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပမာဏတွေကို ချိန်ညှိဖို့ လိုအပ်ပါတယ်။
ခန္ဓာကိုယ်အလေးချိန် (kg) ကို အရပ်အမြင့် ၂ဆ (m2) နဲ့ စားတဲ့ရလဒ် (BMI) က 18.5- 24.9 ဆိုရင် ပုံမှန်ဖြစ်ပြီး 25-29.9 ကို Overweight လို့ သတ်မှတ်ကာ 30 ကျော်ရင်တော့ အဝလွန်တာ ဖြစ်ပါတယ်။ ခါးပတ်လည်ကို တိုင်းတဲ့အခါ အမျိုးသမီးတွေမှာ 80 စင်တီမီတာ (31.5 လက်မ) ၊ အမျိုးသားတွေမှာ 94 စင်တီမီတာ (37 လက်မ) အောက်ရှိမှသာ ကျန်းမာတဲ့ ခန္ဓာကိုယ်လို့ သတ်မှတ်နိုင်ပါတယ်။
ဆီးချိုရောဂါရှင်တွေ စားသင့်တဲ့ Diabetes Plate (ပန်းကန်ရဲ့ တဝက်က အသီးအရွက်၊ လေးပုံတပုံက အသားနဲ့ ကျန်လေးပုံတပုံကို ထမင်း) အတိုင်း အမြဲစားရင် ဝိတ်မကျစရာအကြောင်း မရှိပါဘူး။
ဝိတ်ချတဲ့အခါ ကျန်းမာတဲ့ အစားအသောက်တွေ ရွေးချယ်စားတာ၊ လေ့ကျင့်ခန်းလုပ်တာတွေနဲ့ စနစ်တကျ ချသင့်ပြီး ပိန်ဆေးသောက်တာ၊ ဝမ်းနှုတ်ဆေးသောက်တာလိုမျိုး အန္တရာယ်ရှိတဲ့ နည်းလမ်းတွေ မသုံးမိဖို့ လိုပါတယ်။
ဝတာကတော့ ဘယ်သူ့အတွက်မှ မကောင်းဘူး မဟုတ်လား။ ဆီးချိုရောဂါရှင်တွေအတွက် ပိုလို့တောင် မကောင်းတာမို့ BMI နဲ့ ခါးဆိုဒ်ကို ပုံမှန်အတွင်းဖြစ်အောင် ကြိုးစားဝိတ်ချခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချနိုင်ပြီး ကျန်းမာရွှင်လန်း နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်